Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ်လှုပ်ရှားမှုများဆိုင်ရာ မြင်တွေ့ရမှုများ

  • 29 November 2023
  • 9:31 am

Read in English

စာရေးသူသည် များစွာသော လူငယ်စွမ်းရည်မြှင့်တင်မှုဆိုင်ရာ စီမံကိန်းများတွင် ပါဝင်ခဲ့သော လူငယ်ပညာရှင်တစ်ဦး ဖြစ်ပါသည်။ အရှေ့တောင်အာရှတွင်သာမက အာရှပစိဖိတ်ဒေသတစ်ခွင်မှာပါ အင်တာနက်ဆိုင်ရာ ပြဿနာရပ်များ၊ ဒီဂျစ်ပိုင်းနှင့်သက်ဆိုင်သော စိတ်ရောကိုယ်ပါ ကျန်းမာကောင်းမွန်စေရေး၊ ဒီဂျစ်တယ်လုံခြုံရေး စသည့် ဒိကိစ္စရပ်များနှင့်ပတ်သက်ပြီး ထိရောက်သော လှုပ်ရှားဆောင်ရွက်များတွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ ထိုကဲ့သို့ မတူကွဲပြားသော အခန်းကဏ္ဍတွေမှာ ပါဝင်နေသည့်အလျှောက် လူငယ်အသိုက်အဝန်းမှာလည်း အပြုသဘောဆောင်သော ဆောင်းပါးများမှတဆင့်လည်း ရေးသားနေသူလည်း ဖြစ်ပါသည်။ ၂၀၂၁ခုနှစ်မှာလည်း စာရေးသူအနေဖြင့် သတင်းမှန်စီစစ်ရေးဆိုင်ရာ လူငယ်အဖွဲ့မှာ ပါဝင်ခဲ့ကာ စာရေးသူ၏ကိုယ်ပိုင်လူငယ်ပလက်ဖောင်း မှတဆင့် မျှဝေပေးခဲ့ပါသည်။ ထိုမျှမက စာရေးသူသည် အရှေ့တောင်အာရှ အသိုက်အဝန်းတွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အင်တာနက်ရေးရာ ကိစ္စရပ်တွေကို လူငယ်တို့အသံကို ကိုယ်စားပြု ဖော်ပြကာ ပါဝင်လှုပ်ရှားနေသူဖြစ်ပါသည်။


 

Photo by Pyae Sone Htun on Unsplash

မြန်မာနိုင်ငံသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကတည်းမှစတင်ပြီး ရုပ်ပိုင်းဆိုင်ရာနှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာတို့တွင်   အာဏာရှင်စနစ်ကြောင့် များစွာသော ကျပ်တည်းမှုများကို ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည်။ အာဏာသိမ်းမှု ဖြစ်ကတည်းက ပြည်တွင်း ပရိပက္ခများနှင့် ဆန္ဒပြမှုများအပေါ် ဖိနှိပ်မှုများတိုးလာမှူများမှာလည်း (၂)နှစ်ကျော်သည့်တိုင်အောင် ဆက်လက်ဖြစ်နေဆဲ ဖြစ်သည်။ 

၂၀၂၃ခုနှစ်၊ မတ်လ (၁၃)ရက် ကုလသမ္မဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်မှာလည်း စစ်အစိုးရရဲ့ ဒီမိုကရေစီ အတိုက်အခံများကို နှိမ်နှင်းရန် လူမှုကွန်ယက်များ (social media) ကို အသုံးချကာ အွန်လိုင်း အကြမ်းဖက်လှုပ်ရှားမှုကို ကြိုးကိုင်နေသည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ ဒါ့အပြင် စစ်အစိုးရလိုလားသော အကောင့်များသည် အထူးသဖြင့် အမျိုးသမီးများ တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်သူများကို ပစ်မှတ်ထားသည့် အမုန်းပွားပြီး ခွဲခြားဆက်ဆံသည့် စကားလုံးများကို အသုံးပြုထားကြောင်းလည်း ကောက်နုတ်ဖော်ပြထားသည်ကို တွေ့ရပါသည်။

သို့ပေမယ့်လည်း အနုပညာ၊ ဂီတ၊ ယဉ်ကျေးမှုတွေက ဒီမိုကရေစီတန်ဖိုးတွေနဲ့ လူ့အခွင့်အရေးတွေကို သရုပ်ဖော်ရာမှာ အရေးပါတဲ့ ကြားခံကိရိယာတွေဖြစ်လာပြီး ဒေါက်တာတေဇာဆန်းလိုမျိုး လူငယ်တွေက စည်းရုံးရေးမှာ ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကာ ဒီမိုကရေစီအတွက် လူထုစုဝေးပွဲအတွက် ထိုအမျိုးမျိုးသောကြားခံများကိုလည်း အသုံးပြုခဲ့ကြပါသည်။

ဆိုက်ဘာ စစ်ရေး: မြန်မာစစ်အစိုးရ၏ သဘောထားကွဲလွဲမှုများကို နှုတ်ပိတ်ရန် ဆိုရှယ်မီဒီယာကို အသုံးချခြင်း

စစ်အစိုးရသည် ဒစ်ဂျစ်တယ်နေရာအား ထိန်းချုပ်ရန်၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချုပ်ကိုင်ရန်နှင့် အွန်လိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြပြောနေသူများကို ဖမ်းဆီးရန် နည်းမျိုးစုံကို အသုံးပြုခဲ့သည်။

၂၀၂၃ ခုနှစ်၊ Freedom House မှ အစီရင်ခံတင်ပြချက်အရ  မြန်မာစစ်တပ်သည် အရေးပါသော အင်တာနက်ဝန်ဆောင်မှုပေးသူများအပေါ်မှာ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ကျင့်သုံးခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ ဖိနှိပ်ခြင်းများ (censorship)

ပြုလုပ်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို လုပ်ဆောင်နိုင်ရန် ထိန်းချုပ်ခဲ့သည်။ ထိုကဲ့သို့အင်တာနက်အသုံးပြုမှုကို လျော့ကျစေရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် အသုံးပြုနိုင်မှု ပမာဏမှာလည်း ရှားရှားပါးပါး ကျဆင်းသွားခဲ့သည်။ နိုင်ငံခြားပိုင်ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများမှ ၎င်းတို့၏ လုပ်ငန်းများကို ရောင်းချပြီးနောက် စစ်တပ်မှာ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအပေါ် ပိုချုပ်ကိုင်နိုင်ခဲ့ပြီး အတိုက်အခံလှုပ်ရှားမှုများကို ဟန့်တားရန်အတွက် စစ်အစိုးရက မကြာခဏဆိုသလို ဒေသအလိုက် အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့သော လုံခြုံမှုမရှိသည့် ကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်ပိတ်ဆို့ခြင်းများကြောင့် အင်တာနက်အသုံးပြုသူအများစုမှာ စစ်တပ်မှခွင့်ပြုထားသော ဝဘ်ဆိုဒ်များစာရင်းကိုသာ ဝင်ရောက်ကြည့်ရှုရန် ကန့်သတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံသည် အင်တာနက်လွတ်လပ်ခွင့်ကို ချိုးဖေါက်ခံရမှု ကမ္ဘာ့အဆင့်နံပါတ် (၂) နေရာတွင်ရှိနေသည်။ ဤသည်မှာ ဒစ်ဂျစ်တယ်နေရာများမှာ  ဒစ်ဂျစ်တယ် အာဏာရှင်စနစ်အောက်တွင် ရှိနေကြောင်းပြသသည်။ ဥပမာတစ်ခုအနေဖြင့် ရန်ကုန်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် ဟစ်ဟော့အဆိုတော်တစ်ဦးသည် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို မကျေနပ်ကြောင်း ဖေ့စ်ဘွတ်ခ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ သုံးလအကြာတွင် ထိုအဆိုတော်မှာ နိုင်ငံတော်ကို မတည်ငြိမ်အောင် လှုံ့ဆော်မှုစွဲချက်ဖြင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံ ယခင်စစ်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် သမ္မတပြောရေးဆိုခွင့်ရှိခဲ့သူ ဦးရဲထွဋ်မှာလည်း စစ်အစိုးရနဲ့ ခေါင်းဆောင်ပိုင်းတွေကို သွယ်ဝိုက်ဝေဖန်တဲ့ မက်ဆေ့ချ်တွေ ပို့စ်တင်သည့်အတွက် စစ်အစိုးရလိုလားသည့် အဖွဲ့များရဲ့တောင်းဆိုမှုကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၂၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။

စစ်အစိုးရက ဆိုရှယ်မီဒီယာမှာ ထင်မြင်ချက်တွေနဲ့ ရေးသားမှုနှင့်ပတ်သက်ပြီး ပြည်သူတွေကို ဖမ်းဆီးအရေးယူတာအပြင် တက်ကြွလှုပ်ရှားသူ လူငယ်တွေကို လူမှုကွန်ရက်မှာ အယောင်ဆောင်သတင်းနှိုက်တာမျိုးစတဲ့ နည်းပရိယာယ်တွေကိုလည်း အသုံးပြုခဲ့ကာ ဆန္ဒပြသူတွေ၏ တည်နေရာရယူတာမျိုးများလည်း ရှိသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုနည်းဗျူဟာများအသုံးပြု၍ ဆန္ဒပြလူငယ် ၈၅ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း လွတ်လပ်သော အာရှအသံ (Radio Free Asia)အရ သိရသည်။ ရန်ကုန်မြို့တွင် တစ်လအတွင်း ဖမ်းဆီးခံရသည့် ဆန္ဒပြသူဦးရေမှာလည်း သိသိသာသာ တိုးလာခဲ့သည်။ လူအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုကိုတော့ ရဲစခန်းအသီးသီးတွင် ထိန်းသိမ်းထားဆဲဖြစ်ပြီး အချို့က တပ်မတော်စစ်ကြောရေးစခန်းများသို့ ပို့ဆောင်ခံခဲ့ကြရသည်။ ဖမ်းဆီးခံရသူအများစုသည် ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့ရသည့် စစ်အစိုးရကို ဆန့်ကျင်သော တော်လှန်ရေးအသွင်ဆောင်သည့ “Six Twos Revolution” သပိတ်တွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

ပစ်မှတ်ထား နှောင့်ယှက်မှု – အမျိုးသမီးများ တက်ကြွလှုပ်ရှားသူများကို ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အွန်လိုင်းတွင် ထုတ်ဖော်ပြသခြင်း။

တယ်လီဂရမ်သည် လူကြိုက်များသော စာတိုပေးပို့ခြင်းပလပ်ဖောင်းတစ်ခုဖြစ်ပြီး လုံလောက်တင်းကျပ်ထိန်းညှိမှု မရှိသောကြောင့် မြန်မာစစ်အစိုးရ ထောက်ခံလှုပ်ရှားမှုများ၏ အဓိက နေရာတစ်ခုဖြစ်လာပြီး အကြမ်းဖက်မှုနှင့် လွဲမှားသောအကြောင်းအရာများကို ပျံ့နှံ့စေခဲ့သည်။ ဒါ့အပြင် ထိုပလက်ဖောင်းမှာ အကြမ်းဖက်မှု သို့မဟုတ် စစ်အစိုးရဆန့်ကျင်သူများ ဖမ်းဆီးရန် တောင်းဆိုမှုများနှင့်အတူ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဝေသည့်နေရာဖြစ်လာကာ အမျိုးသမီးများသည် မကြာခဏဆိုသလို သားကောင်များဖြစ်လာသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စာရေးသူ၏ အရင်းနှီးဆုံးသော အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ယောက်ကို ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နဲလ် တွင် ဖော်ပြခံခဲ့ရသည်။ သူမသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု မတိုင်မီကတည်းက နိုင်ငံခြားတွင် ကျောင်းတက်နေခဲ့သည်။ သတင်းစာပညာ နောက်ခံဖြင့် သူမသည် စာရေးဆရာ၊ ဘာသာပြန်သူအနေနှင့် နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသော အဓိက ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ သူမမိသားစုမှာလည်း ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် အာဏာသိမ်းမှုနှင့်အတူ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှုများ ဖြစ်နေချိန်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရသည်။ အာဏာသိမ်းချိန်မှစတင်သည်မှစ၍ သူမသည်လည်း ဆိုရှယ်မီဒီယာပေါ်တွင် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်ခြင်း၊ တက်ကြွလှုပ်ရှားသူများကို အားပေးကူညီခြင်းနှင့် ဒီမိုကရေစီအတွက် အနုပညာအခြေခံ ရန်ပုံငွေကောက်ခံခြင်းစသည့် အမျိုးမျိုးသော လှုပ်ရှားမှုများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။

တစ်နေ့မှာတော့ သူမဖေ့စ်ဘုတ်မှာ မျှဝေထားတဲ့ ပို့စ်တစ်ခုကို အကြောင်းပြု၍ အဆက်အသွယ်အသေးစိတ်၊ နာမည်အပြည့်အစုံနဲ့ ကိုယ်ရေးအကျဉ်းအကျဉ်းအပါအဝင် သူ့ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဟန်ငြိမ်းဦးရဲ့ စစ်ဝါဒဖြန့်ချိရေးချန်နယ်မှာ ထုတ်ဖော်ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သူမ၏ ဖေ့စ်ဘုတ် အကောင့်ကို ယာယီပိတ်ပစ် ခဲ့ရပြီး ပလက်ဖောင်းပေါ်တွင် သူမနှင့်ပတ်သက်သည့် သတင်းများကို စောင့်ကြည့်ပေးရန် သူမ၏ ရင်းနှီးသော မိတ်ဆွေများကို တောင်းဆိုခဲ့ရသည်။ ဒီအဖြစ်အပျက်ဟာ သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး ဒေသတွင်းအဆက်အသွယ်များရှိသည့် သူမ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ဆက်စပ်အန္တရာယ်များကြောင့် ယာယီထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဤကိစ္စမတိုင်မီတွင်လည်း စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး တယ်လီဂရမ် ချန်နယ်တစ်ခုတွင် ဖော်ပြခြင်းခံခဲ့သည်။ အမည်အပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကဲ့သို့သော သူမ၏ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုစတင်ချိန် ဆန္ဒပြမှုများတွင် သူမပါဝင်ခဲ့သည့် ဓာတ်ပုံပါ ဖော်ပြခြင်းခံခဲ့ရသောကြောင့် ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

ဤဖြစ်ရပ်များသည် ဒစ်ဂျစ်တယ်နယ်ပယ်တွင် တက်ကြွလှုပ်ရှားသူများရင်ဆိုင်နေရသည့် အန္တရာယ်နှင့် အားနည်းချက်ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေပြီး၊ ကိုယ်ရေးကိုယ်တာအချက်အလက်များသည် ပစ်မှတ်ထား နှောင့်ယှက်မှုများအတွက် ကိရိယာတစ်ခုဖြစ်လာသည်ကို မြင်တွေ့စေသည်။ ပုဂ္ဂိုလ်ရေး အသေးစိတ်အချက်အလက်များ ပေါက်ကြားခြင်းသည် တစ်ဦးချင်းစီ၏ ဘေးကင်းမှုကို ထိခိုက်စေရုံသာမက တက်ကြွလှုပ်ရှားသူများနှင့် ချိတ်ဆက်နေသူများကိုပါ အန္ထရာယ်သက်ရောက်မှု ဖြစ်စေသည်။

အင်တာနက်ပိတ်ခြင်းနှင့် ဆိုရှယ်မီဒီယာပိတ်ပင်ခြင်းများမှတစ်ဆင့် သတင်းဖြန့်ဝေမှုကို စစ်အစိုးရက ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း တက်ကြွလှုပ်ရှားသူများသည် ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ ဖိနှိပ်ခြင်းများ (censorship)ခြင်းများကို ကျော်လွှားရန်နှင့် လုံခြုံမှုရှိစေရန် Signal နှင့် Telegram ကဲ့သို့သော ကုဒ်ဝှက်ထားသော စာတိုပေးပို့မှုပလပ်ဖောင်းများ (encrypted messaging platforms) ကို အသုံးပြုသည့် နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ထိုသို့အသုံးပြုခြင်းများမှာ ပြည့်စုံသော လုံခြုံမှုပေးနေသည် မဟုတ်ပါ။ ပြင်းထန်သော ဒစ်ဂျစ်တယ် ဖိနှိပ်မှုများနှင့် တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်နေရသော အန္တရာယ်များ တိုးလာနေချိန်တွင် ဒစ်ဂျစ်တယ်နယ်ပယ်မှာ တက်ကြွလှုပ်ရှားသူများကို လုံခြုံမှုပေးရန်နှင့် ကာကွယ်ရန် အရေးပေါ်တုံ့ပြန်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ ကာကွယ်ပေးရေးတွင်လည်း အထူးသဖြင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားကာ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်အသုံးချသည့်   နှောင့်ယှက်ခံနေရမှုများကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။

တရားဥပဒေပိုင်းဆိုင်ရာ ကန့်သတ်ချက်များကြားမှ ဆိုရှယ်မီဒီယာနှင့် ဒစ်ဂျစ်တယ် လှုပ်ရှားမှု

စစ်အစိုးရ၏ အခြားလက်နက်မှာ တက်ကြွလှုပ်ရှားမှုနှင့် သဘောထားကွဲလွဲမှုများကို ရာဇ၀တ်မှုအဖြစ်ပုံဖေါ်ရန် ဥပဒေနှင့် မူဝါဒများကို ပြင်ဆင်အသုံးပြုခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ အီလက်ထရွန်နစ် ဥပဒေ (ETL) ပြင်ဆင်ချက်အား နိုင်ငံပိုင် ရုပ်မြင်သံကြားမှ လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။ အီလက်ထရွန်နစ်ဥပဒေ ပုဒ်မခွဲ ၃၈ (ဂ) အရ၊ အများသူငှာ အကြောက်တရားကို လှုံ့ဆော်ရန်၊ ယုံကြည်မှုကို ပျက်ပြားစေခြင်း သို့မဟုတ် လူမှုရေး သဘောထားကွဲလွဲမှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မှားယွင်းသော သို့မဟုတ် အထင်အမြင်လွဲမှားစေသော အချက်အလက်များကို ဆိုက်ဘာစပေ့တွင် ပျံ့နှံ့စေခြင်းသည်  ပြစ်မှုမြောက်သည်။

ဤဥပဒေပြင်ဆင်ချက်မှာ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ ဆိုရှယ်မီဒီယာ သုံးစွဲသူ (၂၉) သန်းအပေါ် သက်ရောက်မှုရှိသည်။ Facebook ကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် နိုင်ငံအတွင်း လူများစွာအတွက် သတင်းနှင့် ဆက်သွယ်ရေး၏ အဓိကအရင်းအမြစ်ဖြစ်သောကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုလည်း သက်ရောက်မှုရှိသည်။ အကြောင်းမှာ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံသားများသည် ဆန္ဒပြပွဲများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း သတင်းနှင့် ဗီဒီယိုများကို မျှဝေရန်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာအောင် ကူညီပေးခဲ့ပါသည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမှီအခိုကင်းသော သတင်းမီဒီယာများသည် နိုင်ငံပိုင်မီဒီယာများနှင့် ဝါဒဖြန့်မှုများကို တုံ့ပြန်ရန်အတွက် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများကို အသုံးပြုကြသည်။ ဆန္ဒပြပွဲများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ရန် အွန်လိုင်းအသိုင်းအဝိုင်း ပလပ်ဖောင်း (crowdsourcing platfomrs) နှင့် မြေပုံအပလီကေးရှင်းများကိုလည်း အသုံးပြုကြသည်။ နိုင်ငံတကာ၏ ထောက်ခံမှုရယူရန်၊ စစ်တပ်ကို အရေးယူရန် အစိုးရနှင့် အဖွဲ့အစည်းများကို ဖိအားပေးရန်၊ အွန်လိုင်း အသနားခံစာများနှင့် လူမှုမီဒီယာ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။

ထင်ရှားသော ဒစ်ဂျစ်တယ်လှုပ်ရှားမှု၏ ဥပမာတစ်ခုမှာ ၂၀၂၁ ခုနှစ် မန္တလေးအဓိကရုဏ်းအတွင်း “ကြယ်စင်” ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး ပစ်သတ်ခဲ့သည့်ဖြစ်ရပ်ထွက်ပေါ်ခဲ့သည်။ ။ ကြယ်စင်၏ တီရှပ်တွင် ရေးထားခဲ့သည့် “Everything will be ok.” ဟူသော စာကြောင်းမှာ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။  We Click YouTube Channel သည်လည်း ၂၀၂၁ ခုနှစ်  နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများကို ဂုဏ်ပြုသည့်အနေဖြင့် “Star” အမည်ရှိ သီချင်းတစ်ပုဒ်ကို လွှင့်တင်ခဲ့သည်။

We Click သည် မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုများအတွက် ရန်ပုံငွေရှာဖွေရန် ဗီဒီယိုအကြောင်းအရာများ ဖန်တီးပေးသည့် YouTube Channel တစ်ခုဖြစ်သည်။ ထိုအချိန်က ကျောင်းသား သမဂ္ဂများ နှင့် ကျောင်းသား အဖွဲ့ အချို့ ကလည်း ဆိုရှယ်မီဒီယာ တွင် ကြေငြာချက် ထုတ်ကာ ထုတ်ဝေခြင်းဖြင့် အာဏာသိမ်းမှုကို  တုံ့ပြန်ခဲ့သည်။ ထို့အပြင် ဆိုရှယ်မီဒီယာပလပ်ဖောင်းများကို အသုံးပြု၍ #WhatsHappeninginMyanmar ကဲ့သို့သော #hashtag ကမ်ပိန်းများသည် နိုင်ငံတွင်းအခြေအနေများကို နိုင်ငံတကာ၏အာရုံစိုက်မှုကို ရယူတွင်လည်း ထိရောက်မှုရှိခဲ့သည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လူငယ်လှုပ်ရှားမှု

အာဏာသိမ်းပြီးကတည်းက မြန်မာလူငယ်တွေဟာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ၊ အသိပညာပေးလှုပ်ရှားမှုတွေ စသည်တခြားပုံစံတွေ တက်ကြွလှုပ်ရှားခဲ့ကြသည်။

လူငယ်အများအပြားသည် အမည်မဖော်ဘဲ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်သည့် အချက်အလက်များကို ဆောင်းပါးများမှတစ်ဆင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖြန့်ဝေနေကြသည်။ ထို့အပြင် လူငယ်အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များသည် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ် ဖြေရှင်းရာတွင် ပညာရေးဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် တက်ကြွလှုပ်ရှားသူများကို အထောက်အကူဖြစ်စေရန်အတွက် ပူးပေါင်းလုပ်ဆောင်နေကြသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် အကျိုးအမြတ်ကို ဦးတည်တဲ့ အဖွဲ့အစည်းမဟုတ်သော Burma Academy သည် ကျောင်းသားများအတွက် အခမဲ့ အွန်လိုင်း ပလပ်ဖောင်းတစ်ခုကဲ့သို့ ပညာရေးဆိုင်ရာ အရင်းအမြစ်များကို ပံ့ပိုးပေးနေသည်။ ထို့အပြင် ဒစ်ဂျစ်တယ်အန္တရာယ်များကို လျော့ပါးသက်သာစေရန် ရည်ရွယ်၍ စွမ်းရည်မြှင့်တင်ခြင်းအား အာရုံစိုက်သည့် အမျိုးမျိုးသော လူငယ်ဦးဆောင်သည့် ဒစ်ဂျစ်တယ်လုံခြုံရေး အကူအညီပေးရေးလိုင်းများနှင့် ပလက်ဖောင်းများသည် ဒေသတွင်း လူငယ်တက်ကြွလှုပ်ရှားသူများကိုသာမက ပိုမိုကျယ်ပြန့်သော လူငယ်အသိုင်းအဝိုင်းအတွက်ပါ ပံ့ပိုးကူညီမှုများ ပေးနေကြသည်။

နိဂုံးချုပ်အားဖြင့် ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရပြီး စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် ဒစ်ဂျစ်တယ် အခင်းအကျင်းကာလကို ဖြတ်သန်းသွားလာနေသော်လည်း လူငယ်တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ တန်ဖိုးထားသော လူအခွင့်အရေးနှင့် ဒစ်ဂျစ်တယ်အခွင့်အရေးများအတွက် အကာအကွယ်ပေးရန် မယိမ်းမယိုင် ဆောင်ရွက်လျက်ရှိသည်။ အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စည်းရုံးရေးတွင် ၎င်းတို့၏ ဇွဲ တီထွင်ဆန်းသစ်သော နည်းပညာ အသုံးပြုခြင်းနှင့်အတူ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုသည် ၎င်းတို့၏ ထိုရည်ရွယ်ချက်များအတိုင်း  ဆောင်ရွက်ပုံဖော်ရာတွင် အရေးကြီးသောအခန်းကဏ္ဍ ပါဝင်သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းသည်လည်း မြန်မာနိုင်ငံရှိ လူငယ်များနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး လူငယ်များ၏ အသံများကို နယ်စပ်ဖြတ်ကျော် ပဲ့တင်ထပ်နေစေရန်နှင့် ဒီမိုကရေစီ ကြိုးပမ်းမှု အောင်မြင်ကြောင်း သေချာစေရန်အတွက် လက်တွေ့ကျသော ကူညီမှုများ မရှိမဖြစ်ပံ့ပိုးပေးရန် လိုအပ်သည်။

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Home
  • Video
  • Blog
  • Podcast
  • About
    • About EngageMedia
    • The EngageMedia Team
    • Consultancy Services
    • Privacy Policy
  • Resources
    • All Resources
    • Video for Change Impact Toolkit
    • Video Compression – Step-by-Step Handbrake Tutorial
    • Best Practices for Online Subtitling
    • Video Compression Guide
  • Research
  • Projects
  • Jobs
  • Partners
  • Newsletter
  • Support Us
  • Contact