Skip to content

Read the DRAPAC23 Statement of Solidarity

  • Digital Rights
  • Open Technology
  • Video For Change

ဒစ်ဂျစ်တယ်သန့်ရှင်းရေး ၁၀၁ – ဒစ်ဂျစ်တယ်ဘေးကင်းရေးနှင့် လုံခြုံရေးကို လေ့ကျင့်နည်း

  • 23 June 2023
  • 4:18 pm

This post is also available in: English Thai Indonesian Khmer

English · Filipino · Bahasa Indonesia (Indonesian) · ភាសាខ្មែរ (Khmer) · မြန်မာဘာသာ (Burmese) · ไทย (Thai)

ဤလမ်းညွှန်ကို မူလက Darika Bamrungchok ရေးသားခဲ့ပြီး ဧပြီလ ၂၀၂၀ တွင်ထုတ်ဝေခဲ့သည်။ Coconet.social. EngageMedia ဒစ်ဂျစ်တယ် အခွင့်အရေးများနှင့် နည်းပညာ မန်နေဂျာ Khairil Zhafri နှင့် ဒစ်ဂျစ်တယ် လုံခြုံရေး အထူးပြု Ashraful Haque တို့၏ ဤ ၂၀၂၂ ခုနှစ်ထုတ် ပြန်လည်သုံးသပ်ချက်တွင် နိဒါန်းနှင့် ရရှိနိုင်သော ဒစ်ဂျစ်တယ် သန့်ရှင်းရေး အရင်းအမြစ်များအတွက် ပြင်ဆင်ချက်များ ပါဝင်သည်။ EngageMedia Localization Community Weblate တွင် ပံ့ပိုးကူညီသူများမှ မြန်မာသို့ ဘာသာပြန်ဆိုသည်။

OpenIDEO ဆိုက်ဘာလုံခြုံရေး အမြင်အာရုံဆိုင်ရာစိန်ခေါ်မှုအတွက် ရီဘက်ကာဝမ်၏ သရုပ်ဖော်ရေးဆွဲမှု။ Creative Commons Attribution 4.0 International license လိုင်စင်အရ Wikimedia Commonsမှ ပုံ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်ခြင်း၊ လေ့လာသင်ယူခြင်း၊ ခရီးသွားခြင်း၊ အလုပ်လုပ်ပုံများပြောင်းလဲခြင်းတို့ဖြင့် ကျွန်ုပ်တို့၏နေ့စဥ်ဘဝများ၌ နည်းပညာအသစ်များနှင့် အလိုက်သင့်လိုက်ပါပြောင်းလဲမှုကို မည်သည့်အချိန်ကနှင့်မှမတူအောင် လုပ်ဆောင်ခဲ့ကြရသည်။ ကျွန်ုပ်တို့၏ ရှင်သန်လှုပ်ရှားမှုအများစုမှာ အွန်လိုင်းတွင်ဖြစ်လာခဲ့ပြီး ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်သန့်ရှင်းရေးလုပ်ထုံးလုပ်နည်း များကို ပြန်လည်အကဲဖြတ်ရန်နှင့် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများနှင့် ဆော့ဝဲလ်များ မည်မျှ သန့်ရှင်းလုံခြုံသည်ကို စစ်ဆေးရန် လိုအပ်လာသည်။

ဒစ်ဂျစ်တယ်သန့်ရှင်းရေးသည် အန္တရာယ်ရှိသောအီးမေးလ်များ၊ လူမှုအင်ဂျင်နီယာလုပ်ဆောင်ခြင်း၊ ဖြားယောင်းခြင်း၊ ဆိုက်ဘာနှောင့်ယှက်မှု၊ ဟက်ပြုလုပ်ခြင်း၊ ဒေတာခိုးယူမှုနှင့် အခြားအရာများကဲ့သို့သော အသစ်ပြောင်းလဲလာသည့် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန် ကျွန်ုပ်တို့၏အရေးကြီးသော ခုခံကာကွယ်ရေး ပထမမျဉ်း ဖြစ်သည်။ ဒေတာချိုးဖောက်မှုများနှင့် ဟက်ခ်အများစုသည် လူသားအမှားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၍ ကျွန်ုပ်တို့၏အားနည်းချက်ကို မည်သို့လျှော့ချရမည်ကို သိရန် အရေးကြီးပါသည်။

ဤသည်မှာ ဒစ်ဂျစ်တယ်ဗိုင်းရပ်စ်များရန်က ကင်းရှင်းပြီး လုံခြုံစွာကောင်းမွန်စွာနေနိုင်ရန် အကြံပြုချက်များစွာနှင့်အတူ အွန်လိုင်းအလုပ်အတွက် ကျွန်ုပ်တို့အသုံးပြုလေ့ရှိသည့် ပုံမှန်ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများနှင့် ပိုမိုဘေးကင်းသော အခြားရွေးချယ်စရာဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများကို စာရင်းနှင့်တကွ ဖော်ပြထားပါသည်။

အလုပ်ခွင်အတွင်း ဒစ်ဂျစ်တယ်သန့်ရှင်းမှု ကောင်းမွန်ခြင်း

သင့်အနေဖြင့် ရုံး သို့မဟုတ် အိမ်မှ အလုပ်လုပ်သည်ဖြစ်စေ သင့်၏အွန်လိုင်းအလုပ်ခွင် လုံခြုံဘေးကင်းမှု၊ သင့်၏ပုဂ္ဂလိကနှင့် အဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ဖိုင်များ လုံခြုံမှု သေချာစေရန် သင့်၏ဒစ်ဂျစ်တယ်သန့်ရှင်းမှုကို ဂရုတစိုက်ရှိရန် အရေးကြီးပါသည်။ သင့်၏လုပ်ငန်းခွင်မစတင်မီ ‌ကောင်းမွန်သည့်လုပ်ထုံးလုပ်နည်းများစစ်ဆေးရန်စာရင်းတစ်ခုကို ဖော်ပြထားပါသည်။

  • ခိုင်မာအားကောင်းသော စကားဝှက်များမှာ အရေးပါဆဲဖြစ်သည်။ နည်းပညာကုမ္ပဏီများစွာမှ စကားဝှက်-မရှိသော အနာဂါတ်ကို တွန်းအားပေးလုပ်ဆောင်နေသော်လည်း အနီးဆုံးကာလမှာ စကားဝှက်များ ပျောက်ကွယ်သွားမည် မဟုတ်သေးပါ။ အကောင့်များကို ဝင်ရောက်ရန် ဝှက်စာသည် ပထမအဆင့်အဖြစ် ဆက်လက်တည် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ခိုင်မာ အားကောင်းလုံခြုံသော စကားဝှက်များဖန်တီးရန် အရေးကြီးပါသည်။
  1. နောက်ထပ် ကာကွယ်မှုအလွှာထပ်ပေါင်းထည့်ရန် အထူးသဖြင့် အီးမေးလ်နှင့် လူမှုကွန်ရက်များအတွက် အချက်နှစ်ချက် စစ်ဆေးခြင်းကို အကောင့်အားလုံးမှာ ထားရှိရမည်။
  2. ကိုယ်ပိုင်ဝိုင်ဖိုင်အမည်များကို ခွဲခြား၍မရသော အမည်သို့ ပြောင်းပါ။
  3. ဝိုင်ဖိုင်ရောက်တာများရှိ စကားဝှက်များကို နံပါတ်များ၊ အထူးအက္ခရာများထည့်ခြင်းဖြင့် ပိုမိုရှုပ်ထွေးပြီး ချိုးဖောက်ဖို့ ခက်ခဲစေရန် ပြုလုပ်ပါ။
  4. သင့်အိမ်၏အင်တာနက်သို့ ချိတ်ဆက်ထားသော ကိုယ်ပိုင်စမတ်စက်ပစ္စည်းများ၏ မူရင်းစကားဝှက်များကို ပြောင်းပါ။
  • သင့်ဆော့ဖ်ဝဲလ်နှင့် အပ်ပလီကေးရှင်းများကို နောက်ဆုံးဗားရှင်းဖြစ်အောင်ထားပါ။ လုံခြုံရေးအပ်ဒိတ်များနှင့် ပြုပြင်မှုများကို ပုံမှန်စစ်ဆေးပြီး ၎င်းတို့ရရှိနိုင်သည်နှင့် တပြိုင်နက် ၎င်းတို့ကို ထည့်သွင်းပါ။
  1. ဗိုင်းရပ်စ်နှိမ်နင်းရေးဆော့ဖ်ဝဲလ်နှင့် firewall ကို အပ်ဒိတ်လုပ်ထားကြောင်း သေချာပါစေ။
  2. အသုံးမပြုသောဆော့ဖ်ဝဲလ်နှင့် အပ်ပလီကေးရှင်းများကို ပြန်လည်သုံးသပ်ပြီး ဖယ်ရှားပါ။
  3. အပ်ပလီကေးရှင်းတစ်ခုကို ဒေါင်းလုဒ်မလုပ်မီ အရင်းအမြစ်ကို စစ်ဆေးပါ။
  • သင့်ဖိုင်များကို မိတ္တူကူးထားပြီး ပုံမှန် အရန်သိမ်းပါ။ အရေးကြီးသောဖိုင်များကို အပြီးတိုင် ဆုံးရှုံးရရခြင်းသည် အိပ်မက်ဆိုးတစ်ခုဖြစ်နိုင်သည်၊ ထို့ကြောင့် ဒေတာဆုံးရှုံးမှုနှင့် ransomware များကိုရှောင်ရှားရန်၊ လုံခြုံသောဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများနှင့် လုပ်ငန်းစဉ်များကိုအသုံးပြု၍ အရေးကြီးဖိုင်များကို အရန်သိမ်းသည့်အလေ့အကျင့်တစ်ခုပြုလုပ်ပါ။
  1. ပြင်ပဟာ့ဒ်ဒရိုက်များနှင့် Cloud ဝန်ဆောင်မှုများအတွက် မည်သည့်အရန်သိမ်းမှုများကိုမဆို ကုဒ်ဝှက်အသုံးပြုပါ။ 
  2. Cryptomator ကဲ့သို့သော ဆော့ဖ်ဝဲသည် ဖိုင်များကို cloud တွင် မသိမ်းဆည်းမီ ၄င်းတို့ကို ကုဒ်ဝှက်နိုင်သည်။ 
  3. သင့်၏ကွန်ပျုတာအတွင်း အမျိုးအစားမတူညီသော ကုဒ်ဝှက်ထားသည့်သိုမှီးမှုကို ဖန်တီးရန် VeraCrypt ဆော့ဝဲလ်ကိုလည်း အသုံးပြုနိုင်သည်။

OpenIDEO ဆိုက်ဘာလုံခြုံရေး အမြင်အာရုံဆိုင်ရာစိန်ခေါ်မှုအတွက် Rebecca Wang ၏ သရုပ်ဖော်ရေးဆွဲမှု။ Creative Commons Attribution 4.0 International license လိုင်စင်အရ ပုံ။

 

  • ဘေးကင်းသောဘရောက်ဇာများ၊ virtual private network (VPN) များဖြင့် သင့်ဝဘ်ချိတ်ဆက်မှုကို လုံခြုံပါစေ။
  1. ဘရောက်ဇာများအနေဖြင့် Brave၊ Firefox နှင့် Chromium တို့ကို ကျွန်ုပ်တို့ အထူးအကြံပြုထားပါသည်။ မူရင်းရှာဖွေရေးအင်ဂျင်ကို DuckDuckGo ကဲ့သို့သော ကိုယ်ရေးကိုယ်တာ-သတိပြုမှုထားရှိသော ဝဘ်ဆိုဒ်သို့ ပြောင်းလဲပြီး သင်၏ ကက်ရှ်နှင့် မှတ်တမ်းကို ပုံမှန်ရှင်းလင်းပါ။
  2. အင်တာနက်အသုံးပြုခြင်းကို ပိုမိုဘေးကင်းပြီး အကူအညီရစေရန်အတွက် Privacy Badger၊ NoScript နှင့် uBlock Origin ကဲ့သို့သော လုံခြုံရေးဘရောက်ဇာ extension များကို ထည့်သွင်းပါ။
  3. တချို့သော extensionများသည် လုံခြုံရေးအရအန္တရယ်ဖြစ်နိုင်သည်ကို သတိပြုပါ။ ဘရောက်ဇာ extension များကို ပုံမှန် စစ်ဆေးပြီး အသုံးပြုမှုနည်းပါးသည့် extension များကို ဖယ်ရှားပါ။
  4. ဗွီပီအန် (VPN) များကိုအသုံးပြုခြင်းဖြင့် သင့်၏အင်တာနက်ချိတ်ဆက်မှုကို ကာကွယ်ပါ။ လုံခြုံသော ဗွီပီအန် (VPN) ဆာဗာ တစ်ခုဖြင့်သာ သင့်ကို ချိတ်ဆက်စေသော “ပုဂ္ဂလိက လမ်းကြောင်း” တစ်ခုအဖြစ် ဗွီပီအန် (VPN) များကို ယူဆပါ။
  5. မှီခိုအားထားနိုင်သော လုံခြုံရေးအဓိကပြုသည့်စီမံပံ့ပိုးပေးသူထံမှ ဗွီပီအန် (VPN) ဝန်ဆောင်မှုကို အသုံးပြုပါ။ အကယ်၍ အခမဲ့ဝန်ဆောင်မှုကို အသုံးပြုလိုလျှင် RiseUp VPN၊ Proton VPN၊ Psiphon သို့မဟုတ် DRAPAC VPN Project တို့ကို အကြံပြုပါသည်။
  • လိမ်လည်တိုက်ခိုက်မှုများကို သတိထားပါ။ လင့်ခ်အတုများ သို့မဟုတ် သံသယဖြစ်ဖွယ် မက်ဆေ့ဂျ်များကို မှားနှိပ်မိသည်နှင့် အကောင့်များ ပါသွားခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အခိုးခံရခြင်းနှင့် ကွန်ပျူတာစနစ်များ ကူးစက်ခံရခြင်းတို့ ဖြစ်နိုင်သောကြောင့် အထူးသတိရှိပါ။
  1. အမည်မသိရင်းမြစ်များမှ သံသယဖြစ်ဖွယ်လင့်ခ်များကို မနှိပ်ပါနှင့်။ မသေချာပါက၊ မနှိပ်မီ လင့်ခ်ကို ဦးစွာစစ်ဆေးရန် VirusTotal ကို အသုံးပြုပါ။
  2. ဖြစ်လေ့ဖြစ်ထရှိသော လိမ်လည်လှည့်ဖြားခြင်း အမျိုးအစားများကို ခွဲခြားသတ်မှတ်နည်းနှင့် ထောက်လှမ်းရေး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးလမ်းညွှန်နှင့် ဤ EngageMedia ဆောင်းပါးကဲ့သို့သော အရင်းအမြစ်များကို ဖတ်ရှုခြင်းဖြင့် သင့်ကိုယ်သင် ကာကွယ်နည်းကို လေ့လာပါ။
  • သင်၏အွန်လိုင်းဆက်သွယ်ရေးတွင် လုံခြုံရေးအလွှာတစ်ခုထပ်ထည့်ရန် end-to-end encryption အကြောင်း လေ့လာပါ။ သင့်အင်တာနက်လုပ်ဆောင်ချက်ကို encrypt လုပ်မထားသောအခါ၊ မှန်ကန်သောဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများ သို့မဟုတ် သင်အွန်လိုင်းတွင်ပြုလုပ်သည့်အရာကို ဖော်ထုတ်ရန် အသိပညာရှိသူတိုင်းမှ သိရှိရန် ဖြစ်နိုင်သည်။ ပို့စကတ်ကို အသုံးပြု၍ တစ်စုံတစ်ဦးထံ စာပို့ခြင်းကို စိတ်ကူးကြည့်ပါ။ သင့်ပို့စကတ်ကို ကိုင်တွယ်သူတိုင်းသည် သင့်စာကို ဖတ်နိုင်သည်။ end-to-end encryption သည်စာအိတ်တစ်ခုဖြင့်ဖြင့် စာပို့ခြင်းနှင့်တူသည် – သင်အမှန်တကယ် စာပို့နေကြောင်း အခြားလူများက မြင်နိုင်သော်လည်း စာအိတ်အတွင်းရှိအရာကို မမြင်နိုင်ကြပါ။
  1. OpenPGP ဆော့ဝဲလ်ကို အသုံးပြု၍ သင့်အီးမေးလ်များကို စာဝှက်ပါ။ Mailvelope နှင့် Proton Mail၊ Tutanota၊ Mailbox.org နှင့် RiseUP ကဲ့သို့သော ဘရောက်ဇာ extension များသည် PGP အီးမေးလ်စာဝှက်စနစ်ကို အသုံးပြုရန် လွယ်ကူစေသည်။
  2. Signal၊ Wire နှင့် Session ကဲ့သို့ အဆုံးမှအဆုံး ကုဒ်ဝှက်စနစ်ပါရှိသော ပွင့်လင်းအရင်းအမြစ် (open-source) စာတိုပေးပို့ခြင်းအက်ပ်များကို သုံးပါ။
  3. HTTPS သီးသန့်မုဒ်ကိုဖွင့်ခြင်းဖြင့် သင့်ဝဘ်ဘရောက်ဆာများသည် လုံခြုံသောချိတ်ဆက်မှုများကို အမြဲအသုံးပြုကြောင်း သေချာပါစေ။ HTTPS အပြည့်အစုံမပါဘဲ ဝဘ်ဆိုက်တစ်ခုကို ရှာဖွေသည့်အခါတွင် ဘရောက်ဇာအသစ်အများစုသည် သင့်အား သတိပေးချက်ပေးပါလိမ့်မည်။
  • ဤအကြံပြုချက်များကို လိုက်နာခြင်းဖြင့် သင်၏အွန်လိုင်းကိုယ်ရေးကိုယ်တာများကို ကာကွယ်ပါ –
  1. လူမှုကွန်ရက်စာမျက်နှာများတွင် သင်မျှဝေသည့် အချက်အလက်အမျိုးအစားများကို ကန့်သတ်ခြင်းဖြင့် သင်၏ဒစ်ဂျစ်တယ်ခြေရာကို ကန့်သတ်ပါ။ ကိုယ်ရေးကိုယ်တာဓာတ်ပုံများ မျှဝေခြင်း၊ သင့်တည်နေရာများကို တဂ်လုပ်ခြင်းနှင့် သင်၏အွန်လိုင်းအကောင့်များသို့ သင့်မိုဘိုင်းနံပါတ်ကို ချိတ်ဆက်ခြင်းမှ ရှောင်ကြဉ်ပါ။
  2. Google၊ Facebook၊ Twitter နှင့် LinkedIn တို့ကဲ့သို့ လူကြိုက်များသော လူမှုကွန်ရက်ဝဘ်ဆိုက်များတွင် သင်၏ ကိုယ်ရေးကိုယ်တာဆက်တင်များကို ပြန်လည်သုံးသပ်ပါ။ သင့်ပရိုဖိုင်စာမျက်နှာများကို သီးသန့်ပြုလုပ်ပြီး၊ သင့်ပို့စ်ကို မြင်နိုင်စွမ်းရှိသည့် ရင်းနှီးသောသူငယ်ချင်းများနှင့် မိသားစုဝင်များကို ရွေးချယ်ထားသောအုပ်စုများသို့ ကန့်သတ်ပါ။
  3. ကြော်ငြာရှင်များနှင့် ဒေတာပွဲစားများက သင့်အား အွန်လိုင်းတွင် ခြေရာခံရန်နှင့် ပရိုဖိုင်းပြုလုပ်ရန် ပိုမိုခက်ခဲစေရန်အတွက် သင့်မိုဘိုင်းစက်ပစ္စည်းများတွင် ကြော်ငြာ အိုင်ဒီ (ID) ခြေရာခံခြင်းကို ပိတ်ပါ။ Off-Facebook ခြေရာခံခြင်းကို ပိတ်ရန် မမေ့ပါနှင့်။
  4. မေးလ်ပို့မည့်စာရင်းတွင် ပါဝင်ခြင်း သို့မဟုတ် အသုံးပြုသူအကောင့်အတွက် မှတ်ပုံတင်ခြင်းပြုလုပ်ချိန်တွင် အလွယ်တကူပယ်ဖျက်နိုင်သော အီးမေးလ်လိပ်စာများကို အသုံးပြုပါ။ Mozilla မှ Firefox Relay နှင့် ပရိုတွန်မှ SimpleLogin တို့သည် သင့်၏တကိုယ်ရည်သုံး အီးမေးလ်လိပ်စာကို ကာကွယ်ပေးနိုင်သော အခမဲ့အီးမေးလ် လမ်းကြောင်းပြောင်းဝန်ဆောင်မှုများကို ပေးပါသည်။
  5. ကြော်ငြာများ လျှော့ချပြီး မာကတ်တာများ သင့်ကို အွန်လိုင်းတွင် ခြေရာခံခြင်းကို ကန့်သတ်ရန် Adblock Plus နှင့် Disconnect ကဲ့သို့သော ကြော်ငြာတားဆီးသည့် ဘရောက်ဇာextensionများကို အသုံးပြုပါ။
  • ဒစ်ဂျစ်တယ် သန့်ရှင်းရေးတွင် ဒစ်ဂျစ်တယ် စက်ပစ္စည်းများကို သင်အသုံးပြုမှုအပေါ် ကန့်သတ်ခြင်းလည်း ပါဝင်သည်။ သင် နည်းပညာစက်ပစ္စည်းများအသုံးမပြုခဲ့သည့် နောက်ဆုံးအချိန်ကို မှတ်မိပါသလား။ သင့်ဖုန်းကြည့်ချိန်ကို ကန့်သတ်ရန်နှင့် သင့်ဒစ်ဂျစ်တယ် ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် “ဒစ်ဂျစ်တယ် အဆိပ်ဖြေခြင်း” ပြုလုပ်ဖို့ စဉ်းစားပါ။ နည်းပညာစက်ပစ္စည်းများအသုံးပြုခြင်းအားလုံးမှ အနားယူလိုသည့် အကြောင်းရင်းကောင်းများစွာကို ရှာဖွေပြီး အပြည့်အ၀ ဒေတာ detox ပြုလုပ်ရန်အတွက် အချိန်ပေးရန် စဉ်းစားပါ။

အွန်လိုင်းတွင် အခြားသူများနှင့် လုံခြုံစွာ အလုပ်လုပ်ပါ

လက်ရှိအချိန်အထိ ကျွန်ုပ်တို့ ဖော်ပြခဲ့သည်မှာ ကျွန်ုပ်တို့ကိုယ်တိုင်ကျင့်သုံးနိုင်သော ဒစ်ဂျစ်တယ်သန့်ရှင်းရေး အလေ့အကျင့်များဖြစ်သည်။ သို့သော် အဝေးမှ အလုပ်အတူလုပ်သူများသည် ကျွန်ုပ်တို့မျှော်လင့်သကဲ့သို့ ဒစ်ဂျစ်တယ်ဆိုင်ရာသန့်ရှင်းကြံ့ခိုင်မှု ရှိချင်မှရှိမည်ဖြစ်သည်။ 

အဝေးမှ အလုပ်လုပ်ရန်အတွက် ဘေးကင်း၊ ယုံကြည်စိတ်ချရပြီး သင့်လျော်သော အလုပ်ပူးပေါင်းဆောင်ရွက်ရန် ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများ ရှိပါသလား။ EngageMedia တွင် ကျွန်ုပ်တို့အနေဖြင့် ကိုယ်ပိုင် အကြံပြုချက်များ ရှိသော်လည်း ဤမေးခွန်းအတွက် တိကျသော အဖြေမရှိကြောင်း ဝန်ခံရပါမည်။ Tactical Tech ၏ “Technology is Stupid” တွင် ဤသို့ အကောင်းဆုံး ဖော်ပြထားသည် – “လူတိုင်း၊ နေရာတိုင်းအတွက် အမြဲတမ်း အလုပ်ဖြစ်မည့် ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများရှိပြီး၊ ထပ်ဆောင်းအသိပညာနှင့် ထပ်တိုး အခြေခံစနစ်များ မလိုအပ်ဘဲ ညီညွတ်မျှတမှုရှိပြီး သုံးစွဲသူများကို အချိန်ပြည့် ကာကွယ်ပေးသည် ဟူသော အကြံဉာဏ်မှာ အမှန်တကယ် ဖြစ်မလာသေးသော အိပ်မက်တစ်ခုပင် ဖြစ်သည်။” 

သို့သော် ကျွန်ုပ်တို့တွင် လုံးဝ လုံခြုံစိတ်ချရပြီး သုံးစွဲသူများ အလွယ်တကူ သုံးနိုင်သည့် ပြီးပြည့်စုံသော ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများ မရှိသေးသည့်တိုင်အောင် အဝေးမှ အလုပ်လုပ်ရန်အတွက် သုံးစွဲသင့်သည့် အခြားဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများကို ကျွန်ုပ်တို့၏ အကြံပြုချက်များနှင့် စာရင်းတွင် ပေါင်းထည့်နေပါသည်။ သို့ရာတွင် ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများ၏ အလုပ်လုပ်ပုံနှင့် ကိုဗစ်-၁၉ ကာလတွင် ကျွန်ုပ်တို့ ဘာကြောင့် ပိုမိုသတိရှိသင့်ကြောင်း ပိုမိုသိရှိနိုင်ရန်အတွက် သင့်အနေဖြင့် ဤဆောင်းပါးကို ဖတ်ရှုသင့်ကြောင်း ကျွန်ုပ်တို့ အကြံပြုပါသည်။

OpenIDEO ဆိုက်ဘာလုံခြုံရေး အမြင်အာရုံဆိုင်ရာစိန်ခေါ်မှုအတွက် Abraham Pena ၏ သရုပ်ဖော်ရေးဆွဲမှု။ Creative Commons Attribution 4.0 International license လိုင်စင်အရ ပုံ။

  • အခြားသူများနှင့် စာရွက်စာတမ်းဖိုင်များ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် Google Docs အပြင် အခြားရွေးချယ်စရာများ
  1. CryptPad သည် စာရွက်စာတမ်းများဖြင့် ပူးပေါင်းလုပ်ကိုင်ရန်အတွက် လွပ်လပ်စွာ အသုံးပြုနိုင်သော ရွေးချယ်စရာတစ်ခုဖြစ်သည်။ မှတ်ပုံတင်ထားသော သုံးစွဲသူအားလုံးအတွက် ‌သိုလှောင်မှု ကန့်သတ်ချက်မှာ 1GB ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မလိုအပ်ဘဲ အခမဲ့ မှတ်ပုံတင်နိုင်သည်။ မှတ်ပုံတင် စာရွက်စာတမ်းများ မပါဝင်သည့် Pad များကို သုံးလကြာ မသုံးစွဲပါက ဖျက်ပစ်ပါသည်။
  2. Etherpad ဝန်ဆောင်မှုအသုံးပြုခြင်းဖြင့် Riseup Pad သည် အွန်လိုင်းမှ ပူးပေါင်းလုပ်ဆောင်တည်းဖြတ်မှု ပြုလုပ်ခွင့်ရစေသည်။ ထို့အပြင် Riseup Pads သည် အိုင်ပီလိပ်စာများကို သိမ်းဆည်းခြင်းမပြုပါ။ ပြုပြင်လှုပ်ရှားမှုမရှိဘဲ ရက်ပေါင်း ၆၀ ကြာပြီးနောက် Pads များကို အလိုအလျှောက် ဖျက်ဆီးပါသည်။
  • WhatsApp၊ Line နှင့် Viber ကဲ့သို့သော စာတိုပေးပို့သည့်အက်ပ်များအပြင် အခြားရွေးချယ်စရာများ
  1. Signal သည် အဆုံးမှအဆုံး စာဝှက်ခြင်းပြုသည့် အခမဲ့ စကားပြောအက်ပ်ဖြစ်သည်။ ၎င်း၏ ပွင့်လင်းအရင်းအမြစ် Signal ပရိုတိုကောလ်သည် စကားပြောခြင်းကို လုံခြုံစေသည်။ ထိရှလွယ်သော စကားအပြန်အလှန် ပြောမက်ဆေ့ဂ်များကို ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သော လုပ်ဆောင်ချက်လည်း ၎င်းတွင်ပါဝင်သည်။
  2. Wire အွန်လိုင်းပလက်ဖောင်းဖြင့် တစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက်စကားပြောခြင်း၊ အသံဖြင့် ဆက်သွယ်ခြင်း နှင့် ဖိုင်မျှဝေခြင်းတို့ကို အဆုံးမှအဆုံးစာဝှက်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်။ သင့်၏အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်ကိုအသုံးပြုပြီး မှတ်ပုံတင်နိုင်ပါသည်။
  3. Rocket.Chat သည် အဆုံးမှအဆုံးထိ ကုဒ်ဝှက်စနစ်ပါဝင်သော ပွင့်လင်းအရင်းအမြစ် (open-source) စကားပြောခန်းအပီလီကေးရှင်း တစ်ခုလည်း ဖြစ်သည်။
  4. ဤအက်ပ်များအကြောင်း ပိုမိုလေ့လာရန်၊ ဤလုံခြုံသော စကားပြောအက်ပ်များကို နှိုင်းယှဉ်ကြည့်ပါ။
  • ဗီဒီယိုကွန်ဖရင့်အတွက် Zoom နှင့် Skype အပြင် အခြားရွေးချယ်စရာများ
  1. Jitsi Meet သည် အသုံးပြုသူစာရင်းသွင်းရန် မလိုအပ်သော အသုံးပြုရလွယ်ကူသော ပွင့်လင်းအရင်းအမြစ် (open-source) ကိရိယာတစ်ခု ဖြစ်သည်။ သင်၏အွန်လိုင်းအစည်းအဝေးများကို အခမဲ့လက်ခံကျင်းပရန် meet.jit.si ကိုသုံးနိုင်သည် သို့မဟုတ် Jitsi Meet ကို သင့်ကိုယ်ပိုင်ဆာဗာတွင် အသုံးပြုနိုင်သည်။ အခြားသော ယုံကြည်ရသော အခမဲ့ Jitsi Meet ဖြန့်ကျက်မှုများတွင် Greenhost၊ Framatalk နှင့် Disroot တို့ ပါဝင်သည်။
  2. BigBlueButton သည် အများပြည်သူ အသုံးပြုနိုင်သော ဗီဒီယို ဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်ပြီး ၎င်းတွင် Google Meet၊ Microsoft Teams နှင့် အခြားဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများနှင့် နှိုင်းယှဉ်နိုင်သည့် လုပ်ဆောင်ချက်အားလုံး ပါဝင်သည်။ သင်သည် အခန်းခွဲများ ဖန်တီးခြင်း၊ ဝှိုက်ဘုတ် အသုံးပြုခြင်း၊ စာတန်းထိုး ဖွင့်ခြင်း၊ မဲပေးရွေးချယ်မှုများ ပြုလုပ်ခြင်း၊ မှတ်စုများ မျှဝေခြင်းနှင့် အွန်လိုင်းလေ့ကျင့်ရေးနှင့် လေ့လာသင်ယူရေးအတွက် အကောင်းဆုံးဖြစ်သော အခြားလုပ်ဆောင်ချက်များကို အသုံးပြုခြင်းတို့ ပြုလုပ်နိုင်သည်။ သင်သည် ကိုယ်ပိုင်ဆာဗာကို လည်ပတ်သုံးစွဲနိုင်သလို NoLog.cz မှ စီမံခန့်ခွဲသည့် BigBlueButton၊ CommunityBridge၊ meet.coop နှင့် အခြားဝန်ဆောင်မှုပေးသူများထံတွင်လည်း စာရင်းပေးသွင်းနိုင်သည်။
  3. Talky သည် အခမဲ့ကုဒ်ဝှက်ခြင်းလုပ်ဆောင်ချက်ပါရှိသည်။ လူ ၆ ဦးအထိ အုပ်စုကို မျက်နှာပြင်မျှဝေခြင်း၊ ရိုးရှင်းသော ရုပ်သံစကားပြောခြင်းများကို ဤအက်ပ်ဖြင့် လုပ်ဆောင်နိုင်သည်။
  4. Wire ၏ လုံခြုံသောဗီဒီယိုကွန်ဖရင့်ကို အသုံးပြုနိုင်သော်လည်း အခပေးဗားရှင်းအတွက်သာ ဖြစ်သည်။ အကယ်၍ သင်သည် Wire ကို စမ်းသပ်အသုံးပြုရန် စိတ်ဝင်စားပါက၊ အခမဲ့ ရက် ၃၀ သုံးခွင့် ရနိုင်သည်။
  5. သင်၏အွန်လိုင်းကွန်ဖရင့်အတွက် အသံကိုသာအသုံးပြုရန် လိုအပ်ပါက Mumble သည် ကောင်းမွန်ပါသည်။ ၎င်းသည် အခမဲ့နှင့် ပွင့်လင်းအရင်းအမြစ် (open-source) ဖြစ်ပြီး၊ စောင့်ဆိုင်းရချိန်နည်းပါးစွာနှင့် လုပ်ဆောင်ပါသည်။
  6. မည်သည့် ရုပ်သံဆွေးနွေးမှုကိရိယာကို သင်သုံးစွဲသည်ဖြစ်စေ သင့်အလုပ်ဝန်းကျင်နှင့် နောက်ခံအခြေအနေကို အစဥ်အမြဲသတိပြုပါ။ သင့်ကို မည်သူမည်ဝါဆိုသည်ကို ဖော်ထုတ်နိုင်မည့် ပုဂ္ဂလိက သို့မဟုတ် တစ်ကိုယ်ရည် ပိုင်ဆိုင်မှုများကို ပြသခြင်းကို ရှောင်လွှဲရန် ဗလာနောက်ခံမှာ အကောင်းဆုံးဖြစ်သည်။ အသုံးမပြုသည့်အချိန်တွင် သင့်ကင်မရာကို ဖုံးအုပ်ထားရန် စဥ်စားပါ။
  • စီးပွားဖြစ်ဖိုင်မျှဝေခြင်း ဝန်ဆောင်မှုများအပြင် အခြားရွေးချယ်စရာများ
  1. Share.riseup.net သည် Riseup မှ ဖိုင်မျှဝေသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ဖိုင်ကို အွန်လိုင်းတွင် တစ်ပတ်အထိ မဖျက်ဘဲ ထားရှိပေးသည်။
  2. OnionShare.org သည် Tor Network ကိုအသုံးပြုခြင်းဖြင့် သင့်အား မည်သည့်အရွယ်အစား၏ဖိုင်ကိုမဆို လုံခြုံစွာနှင့် အမည်ဖော်ပြခြင်းမရှိဘဲ မျှဝေနိုင်စေပါသည်။
  3. Lufi by Disroot သည် သင့်ဖိုင်ကို အွန်လိုင်းမျှဝေမှုအတွက် ရက် ၃၀ အထိ ကုဒ်ဝှက်ပြီး လက်ခံသိမ်းဆည်းထားပေးသည်။

သင်၏ဒစ်ဂျစ်တယ် အက်ပလီကေးရှင်း၊ သင်၏ရွေးချယ်မှု

အင်တာနက်ချိတ်ဆက်ခြင်းသည် အမြဲတမ်းအန္တရာယ်များသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ အွန်လိုင်း၌ သင်သည်ခြေရာခံနေရပြီး သင်၏ဒေတာသည် လုံးဝလုံခြုံမည်မဟုတ်ပါ။ ယနေ့ခေတ် အွန်လိုင်းပေါ်တွင် လုံခြုံစွာနေရန် စိတ်ချရသောနည်းလမ်းမရှိသော်လည်း၊ ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ်လုံခြုံရေးကို မပေါ့ဆသင့်ပါ။

သင့်၏အွန်လိုင်းအလုပ်ခွင်မှာ မည်သည့်ကိရိယာကို ထည့်သွင်းမည်ဟု ရွေးချယ်ချိန်တွင် ကောင်းမွန်သော စည်းမျဥ်းတစ်ရပ်မှာ အဆိုပါဝန်ဆောင်မှု၏ ပုဂ္ဂလိကမူဝါဒကို သုံးသပ်ရန်ဖြစ်ပြီး အသုံးပြုသော encryption အမျိုးအစားကို သေချာစွာ စစ်ဆေးခြင်းဖြစ်သည်။ နည်းပညာကုမ္ပဏီများစွာနှင့် ဖန်တီးသူများသည် ၎င်းတို့ ကိရိယာ၏encryptionစွမ်းရည်ကို မီးမောင်းထိုးပြရန် စိတ်အားထက်သန်ကြပါသည်။ သို့သော် encryption အမျိုးအစားအားလုံးကို တူညီစွာ ဖန်တီးထားခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား အသုံးပြုနေသည့် ဆော့ဝဲလ်များစွာမှာ end-to-end encryption မဟုတ်ကြပါ။ ဥပမာ – လူသိများထင်ရှားသော Zoom ရုပ်သံ ဆွေးနွေးမှုအက်ပ်သည် တကယ်တမ်းတွင် end-to-end encryption မဟုတ်ပါ။ ဆိုလိုသည်မှာ မှန်ကန်သည့် ကိရိယာနှင့် ကျွမ်းကျင်မှုရှိသော မည်သူမဆို သင်တို့၏ဆွေးနွေးမှုကို သူလျိုလုပ်နိုင်စွမ်းရှိနေခြင်းဖြစ်သည်။

နောက်ဆုံးတွင်မူ ဒစ်ဂျစ်တယ် လုံခြုံရေးသည် ဓမ္မဓိဋ္ဌာန်မကျသော အယူအဆတစ်ခု ဖြစ်သည်။ သင်အသုံးပြုသည့်အရာသည် သင့်လိုအပ်ချက်များနှင့် လူနေမှုပုံစံပေါ်တွင် မူတည်သည်။ သင့်တွင် စည်းဘောင်များ ချမှတ်နိုင်စွမ်းရှိပြီး သင်အသုံးပြုလိုသော ဒစ်ဂျစ်တယ် အက်ပလီကေးရှင်ကို ရွေးချယ်နိုင်သည်။

သင့်အတွက် အဆင်ပြေစေမည့် ဒစ်ဂျစ်တယ် အက်ပလီကေးရှင်များကိုတွေ့ရှိပါက ၎င်းအကြောင်းကို ကျွန်ုပ်တို့အား ပြောပြပါ။ အကြံပြုချက်အသစ်များနှင့် လုံခြုံရေးအပ်ဒိတ်များရှိလာပါက ဤပို့စ်ကို အပ်ဒိတ်လုပ်ပါမည်။ ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ် သန့်ရှင်းရေးကို စုပေါင်းလုပ်ဆောင်လေလေ၊ ကျွန်ုပ်တို့အားလုံး ဘေးကင်းလေလေပါပဲ။

Pixabay License လိုင်စင်အရ 200degrees မှ ပုံ

This work is licensed under a Creative Commons Attribution-NonCommercial-NoDerivatives 4.0 International License.

Subscribe to the EngageMedia mailing list

Two emails a month of all our best posts. View past newsletters.

Subscribe now!

EngageMedia is a non-profit media, technology, and culture organisation. EngageMedia uses the power of video, the Internet, and open technologies to create social and environmental change.

Mastodon X-twitter
  • Video
  • Blog
  • About
  • Resources
    • Video for Change Impact Toolkit
  • Partners
  • Contact